၂၀၁၆ ကမ္ဘာ့ကုလသမဂ္ဂလူသားဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်း | ၁၈၈ နိုင်ငံအနက် ၁၄၅ ဆင့် |
---|---|
လူဦးရေ | ၅၃.၉ သန်း |
လူ့သက်တမ်း | ၆၆.၁ နှစ် |
ပျမ်းမျှလူ့သက်တမ်း (ကျား) | ၆၄ နှစ် |
ပျမ်းမျှလူ့သက်တမ်း (မ) | ၆၈.၂ နှစ် |
မွေးဖွားနှုန်း | ၁၆.၅ / လူဦးရေ ၁၀၀၀ လျှင် |
သေဆုံးနှုန်း | ၈.၂၅/ လူဦးရေ ၁၀၀၀ လျှင် (၂၀၁၅ ခုနှစ်) |
မိခင်သေဆုံးနှုန်း | ၁၇၈ ဦး/ ၁၀၀၀၀၀ လျှင် |
မွေးကင်းစကလေးသေဆုံးနှုန်း | ၃၉.၅ ဦး/ ၁၀၀၀ ဦးလျှင |
ကျန်းမာရေးအခြေအနေ (Overall Health Status)
မြန်မာနိုင်ငံ၏ ကျန်းမာရေးအညွှန်းကိန်းများ တိုးတက်လာသော်လည်း နေရာဒေသပေါ်မူတည်ပြီး ကျန်းမာရေးနှင့်အာဟာရဆိုင်ရာ ကွဲပြားခြားနားမှုများ ရှိနေဆဲဖြစ်ပါသည်။ အသက် ၁၅ နှစ်အောက် လူငယ်ဦးရေသည် နိုင်ငံလူဦးရေ၏ ၂၈.၂ ရာခိုင်နှုန်းရှိပြီး ပျမ်းမျှလူ့သက်တမ်းမှာ ၆၀-၆၆ နှစ်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အသက်ငါးနှစ်အောက် ကလေးနှင့် မွေးကင်စကလေးငယ် သေဆုံးမှုနှုန်းသည် အရှေ့တောင်အာရှ နိုင်ငံများအတွင်း မြင့်မားနေဆဲဖြစ်ပြီး အသက် ၅ နှစ်အောက်ကလေးသေဆုံးနှုန်း မှာ ကလေးငယ် ၁၀၀၀ တွင် ၇၇.၇၇ ဖြစ်ပါသည်။ (ရည်ညွှန်း။ Health in Myanmar 2015) ဝမ်းပျက်ဝမ်းလျောခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ငှက်ဖျားနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများသည် ကလေးငယ်များသေဆုံးရခြင်း၏ အဓိကအကြောင်းရင်းများဖြစ်သည်။
ငှက်ဖျား၊ တီဘီနှင့် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်အပါအဝင် ကူးစက်တတ်သော ရောဂါများသည် နိုင်ငံတစ်ဝန်းအဓိကရင်ဆိုင်နေရသော ကျန်းမာရေးပြဿနာများဖြစ်ပါသည်။ တီဘီရောဂါသည် အဓိက ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် တီဘီရောဂါကြောင့် ဝန်ထုပ်ဝန်ပိုး အဖြစ်ဆုံး နိုင်ငံ ၂၂ နိုင်ငံတွင် တစ်ခုအပါအဝင်ဖြစ်သည်။ လူဦးရေ၏ ၁.၅%သည် နှစ်စဉ် တီဘီကူးစက် ခံနေရပြီး လူပေါင်း တစ်သိန်းသုံးသောင်းခန့် ကူးစက်ခံရနိုင်ခြေ မြင့်မားလျက်ရှိသည်။ ၎င်းတို့အနက် တစ်ဝက်ခန့်သည် positive smears များဖြစ်ကြသည်။ (ရည်ညွှန်း ။ Health in Myanmar 2010).
နိုင်ငံလူဦးရေ၏ ၇၆% သည် ငှက်ဖျားရောဂါဖြစ်ပွားနိုင်ခြေအများဆုံးနေရာဒေသ (တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုတွင် မြို့နယ် ၈၀ မြို့နယ်)တွင် နေထိုင်လျက်ရှိပါသည်။ နိုင်ငံတော်ကထုတ်ပြန်သည့် ကိန်းဂဏန်းများအရ နှစ်စဉ် ငှက်ဖျားရောဂါဖြစ်ပွားမှု နှစ်သိန်းကျော်ရှိကြောင်း သိရှိရသည်။
အရွယ်ရောက်ပြီးသူ အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြား လူဦးရေ၏ ဝ.၆၁%သည် အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ် ကူးစက်ခံနေရကြောင်း အစီရင်ခံစာများအရ သိရှိရသည်။
ကျန်းမာရေးဝန်ဆောင်မှုများ
ကျန်းမာရေးဝန်ဆောင်မှုများကို နိုင်ငံတော်နှင့် ပုဂ္ဂလိကအခန်းကဏ္ဍတို့က ထောက်ပံ့ပေးလျက်ရှိပြီး အချို့ဒေသများတွင် တိုင်းရင်းဆေးသုံးစွဲမှုများလည်း ရှိနေပါသည်။ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှု များကို မြို့နယ်အဆင့်က အဓိကထားဆောင်ရွက်ပေးလျက်ရှိသည်။ မြို့နယ်အဆင့်တွင် ခုတင်၁၆ မှ ခုတင် ၅၀ ဆန့် ဆေးရုံများကို မြို့နယ်အဆင့်တွင် ဖွင့်လှစ်ထားပြီး တိုက်နယ်ဆေးရုံများ၊ ကျေးလက် ကျန်းမာရေးဆေးပေးခန်းကို တစ်မြို့နယ်လျှင် လေးခုနှင့်အထက်ဖွင့်လှစ်ထားပြီး လူဦးရေ ၂၀၀၀၀ မှ ၂၅၀၀၀ ခန့်ကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
သားဖွားဆရာမများနှင့် လူထုကျန်းမာရေးလုပ်သားများသည် ကျေးလက်ခွဲကျန်းမာရေးဆေးခန်းများ အတွက် အဓိကအရင်းအမြစ်များဖြစ်သည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အစီရင်ခံစာများ အရ ဆေးရုံပေါင်း ၁၁၂၃ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၁၇၇၈ ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၉၀၈၁ ခုဖြင့် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
လူထုအခြေပြုတုန့်ပြန်ရေးသည် ပြည်သူလူထု ကြံ့ကြံ့ခံနိုင်ရေးနှင့် တုန့်ပြန်ရေးမဟာဗျူဟာတွင် အဓိက အစိတ်အပိုင်းဖြစ်သည်။
အရေးပေါ်တုံ့ပြန်ရေးနှင့် ဘေးဒုက္ခစီမံခန့်ခွဲရေး
မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြေ အမြင့်ဆုံးနိုင်ငံတစ်ခုဖြစ်သည်။ နိုင်ငံ၏ ကမ်းရိုးတမ်းဒေသများတွင် ဆိုင်ကလုန်း၊ အပူပိုင်းမုန်တိုင်းနှင့် ဆူနာမီဘေးဒဏ်ခံရလေ့ရှိပြီး မိုးများသောကြောင့် ရေကြီးခြင်းသည်လည်း နိုင်ငံတစ်ဝန်းကြုံတွေ့ရလေ့ရှိသော သဘာဝဖြစ်စဉ်တစ်ခု ဖြစ်သည်။ ထို့ပြင် ငလျင်လှုပ်ခြင်း၊ မိုးခေါင်ရေရှားခြင်းနှင့် မီးဘေးတို့သည်လည်း နိုင်ငံတွင်းဖြစ်ပွားလေ့ရှိပြီး တောင်တန်းဒေသများတွင် မြေပြိုခြင်း ဘေးအန္တရာယ်များကို ရင်ဆိုင်ရလေ့ ရှိသည်။
၂၀၀၈ ခုနှစ်မေလ တွင်ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်းသည် နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် သဘာဝဘေး အန္တရာယ် သမိုင်းတွင် ဆုံးရှုံးမှုအကြီးမားဆုံးဖြစ်ရပ်တစ်ခုဖြစ်သည်။ နာဂစ်ဆိုင်ကလုန်းကြောင့် လူပေါင်း ၁၄၀၀၀၀ ကျော်သေဆုံးခဲ့ပြီး ရရှိခဲ့သော သင်ခန်းစာများအရ ကြိုတင်သတိပေးခြင်းများ၊ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့သည့်အတွက် ၂၀၁၀ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဂီရိဆိုင်ကလုန်းတွင် လူပေါင်း ၄၅ ဦးသာ သေဆုံးခဲ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးအတွက် အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိသည်။