ကြက်ခြေနီ အခြေခံမူတွေက ဘာတွေလဲ ?


ကြက်ခြေနီအခြေခံမူ(၇)ချက်ရှိသည်။

လူသားချင်းစာနာထောက်ထားခြင်း မူသည် – လူသားတို့၏အသက်နှင့်ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်မှုပေးရန်နှင့် လူသားတိုင်းကို အလေးထား လေးစားစေပြီး တစ်ဦးနဲ့တစ်ဦး အပြန်အလှန် နားလည်မှု၊ ရင်းနှီးချစ်ကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ငြိမ်းချမ်းရေး အဓွန့်ရှည် တည်တံ့မှု တို့ကိုမြင့်မားလာစေမည့် အဓိပ္ပါယ်ကို ဆိုလိုသည်။

ခွဲခြားခြင်း မရှိခြင်း မူသည် -ကြက်ခြေနီ၏ ဆောင်ရွက်မှုတိုင်းတွင်နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး စသည့် ယုံကြည်မှု၊ အဆင့်အတန်း၊ ခံယူချက်တို့နှင့် စပ်လျဉ်း၍ ခွဲခွဲခြားခြား မပြုလုပ်ရပါ။ လူတစ်ဦးချင်းစီ၏ လိုအပ်ချက်ကို အဓိက စဉ်းစားကာထိုသူတို့၏ ဆင်းရဲဒုက္ခကို နည်းပါးသက်သာစေရန် ကြိုးပမ်းခြင်းနှင့် ဒုက္ခရောက်သူများအနက် အရေးကြီးဆုံးနှင့်အဆောတလျင် အကူအညီ လိုအပ်နေသူများကို ဦးစားပေး ဆောင်ရွက်ရမည်ကို ဆိုလိုသည်။

ကြားနေခြင်း မူသည် -လူတိုင်း၏ စိတ်ချယုံကြည်မှုကို အမြဲတစေ ဆက်လက်ရရှိနိုင်စေရန် ကြက်ခြေနီသည် စစ်ပွဲများ၌တစ်ဘက်ဘက်သို့ ဘက်လိုက်ခြင်း မပြုသကဲ့သို့ နိုင်ငံရေး၊လူမျိုးရေး၊ ဘာသာရေး၊ ဝါဒရေး စသည့် အငြင်းပွားမှုများတွင်မည်သည့်အခါမျှ ပါဝင်ဆွေးနွေးခြင်း မပြုပါ။ ဤအချက် သည်ကြက်ခြေနီများအနေဖြင့် အကျပ်အတည်းများတွင် အကူအညီ လိုအပ်​နေ သူများထံ သွားရောက်ကူညီနိုင်မည် ဖြစ်ပြီးလက်နက်ကိုင် ပဋိပက္ခနှင့် အခြားသော အကြမ်းဖက် မှုများတွင် ပါဝင်နေသူများ နှစ်ဘက် အပြန်အလှန်ဆွေးနွေးခြင်းများဆက်လက် လုပ်​ဆောင်နိုင်မည်ကို ဆိုလိုသည်။

လွတ်လပ်ခြင်း မူသည် -လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနယ်ပယ်တွင် သက်ဆိုင်ရာ အစိုးရ၏ အရန်အင်အားအဖြစ် နိုင်ငံ၏ ဥပဒေများကို လေးစား လိုက်နာကာဆောင်ရွက်လျက်ရှိသော်လည်း အမျိုးသားအသင်းများသည်အချိန်တိုင်း၊ အခြေအနေတိုင်းတွင် အခြေခံမူများနှင့်အညီလုပ်ကိုင်နိုင်ရန် ဆုံးဖြတ်ချက်များ ချမှတ်ရာ၌ လွတ်လပ်စွာဆုံးဖြတ် ဆောင်ရွက်ခွင့်ကို ထိန်းသိမ်းထားရမည်။ အခြေခံမူများနှင့် ဆန့်ကျင့်သည့် တောင်းဆိုမှုများ အားလုံးကို ငြင်းဆိုရမည်ဖြစ်ပြီး မည်သည့် ဝင်ရောက် စွတ်ဖက် မှု၊ ဖိအားပေးမှုကို မဆို နာခံခြင်း မပြုမိစေရန် သတိပြုရမည်ကို ဆိုလိုသည်။

စေတနာ့ဝန်ထမ်းအကျိုးဆောင်ခြင်း မူသည် -ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့ဝင်များသည် အကူအညီပေးရာတွင် ကူညီလိုသည့် ဆန္ဒမှတပါး အခြားရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိပါ။ကြက်ခြေနီလှုပ်ရှားမှုတွင် ပါဝင်လုပ်ကိုင်နေကြသူများအားလုံးသည် ကြက်ခြေနီ ကွန်ယက်ချိတ်ဆက်ထားမှုဖြင့်အကူအညီ လိုအပ်နေသူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်လိုသည့်စိတ်အား ထက်သန်မှု သက်သက်ဖြင့် စည်းလုံးညီညွတ်စွာကူညီပေးနေခြင်းကို ဆိုလိုသည်။

စည်းလုံးညီညွတ်ခြင်း မူသည် -နိုင်ငံ တစ် နိုင်ငံတွင် ကြက် ခြေနီအသင်း တစ်သင်းသာ ရှိပြီး ထိုအသင်းတွင် လူတိုင်းပါဝင်ခွင့်ရှိသည်။ အသင်း၏ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာလုပ်ငန်းများကို ရပ်ရွာလူထုအတွက် မြို့ပြများ နည်းတူဝေးလံ ခေါင်ပါးသော ကျေးလက်ဒေသများတွင်ပါ စည်းလုံးညီညွတ်စွာ ဆောင်ရွက်ရမည်ဟု ဆိုလိုသည်။

ကမ္ဘာတစ်ဝန်းပျံ့နှံ့ခြင်း မူသည် -ကြက်ခြေနီအသင်းများသည်ကမ္ဘာ့နိုင်ငံအားလုံးနီးပါးတွင် တည်ရှိနေပြီး တစ်သင်းနှင့်တစ်သင်း ရိုင်းပင်းကူညီကြရန် အားလုံးတွင် တာဝန်ရှိကာ အသင်းအချင်းချင်း အထောက်အကူပေးရမည်ဖြစ်သည်။ ဤမူအရအသင်းတစ်သင်းက အခြေခံမူများကသွေဖီပါကကျန်အသင်းအားလုံးကိုပါထိခိုက်စေသည့် အဓိပ္ပါယ်ဖြစ်ပြီး အသင်းအားလုံးတွင် တူညီသော အဆင့်အတန်း၊ တာဝန်နှင့် ဝတ္တရားများရှိကြကာ အမျိုးသားအသင်းများ အားလုံးပါဝင်သည့် ကြက်ခြေနီလှုပ်ရှားမှုက ကမ္ဘာတစ်ဝှမ်းပျံ့နှံ့တည်ရှိသည်ကို ဆိုလိုသည်။ကြက်ခြေနီတွင် ပါဝင်ဆောင်ရွက် နေသူများသည်မည်သည့်အချိန် မည်သည့်နေရာတွင် မဆို ပြောဆိုမှု၊လုပ်ဆောင်မှု တိုင်းတွင် အထက်ပါ အခြေခံမူများ ကိုလိုက်နာကျင့်သုံးကာ အကူအညီ လိုအပ်နေသူများအတွက် စွမ်းနိုင်သမျှ ကူညီပေး နေကြခြင်း ဖြစ်ပါသည်။